မြိတ် မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း ကောက်ယူရရှိသော လူဦးရေစာရင်းနှင့် Pilot Project ဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်နှင့် တပြေးညီ ပြီးစီးနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
(၂၀၂၃)ခုနှစ် ဒီဇင်ဘာ(၃၁)ရက်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးနိုင်မည့် အိမ်ထောင်စု လူဦးရေ စာရင်းများကို မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ အလိုက် တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံ ကောက်ယူလျက်ရှိကြကြောင်း၊ ကောက်ယူရရှိလာသည့် လူဦးရေ စာရင်းများကို မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင်ရှိသည့် လူဦးရေစာရင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စု လူဦးရေစာရင်းတို့နှင့် တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းကို မြိတ်မြို့နယ်တွင် Pilot Project ဖြင့် ဧပြီလကုန်အပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Pilot Project ဖြင့် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်လျက်ရှိရာ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ကွန်ပျူတာလိုအပ်ချက်များနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ စနစ် တကျ ဆောင်ရွက် ပြီးစီး နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)အုပ်စု၏ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ကွန်ပျူတာနည်းပညာဖြင့် မတ်လ(၁၄) ရက်မှ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခိုင်ထူး(မြိတ်)