ရှေးဟောင်းသမိုင်းဝင် ထပ်ကြောမ်လွတ်စေတီ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မိုင်းယောင်း မတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ထပ်ကြောမ်လွတ်စေတီ၌ ယမန်နေ့တွင် ဘုရားဖူးလာပြည်သူများ ပန်း၊ ရေချမ်း၊ ဆီမီး၊ ကပ်လှူ၍ ကုသိုလ်ပြုကြသူများ၊ ဥပုဒ်သီလစောင့်တည်သူများဖြင့် အထူးစည်ကား ခဲ့ကြောင်း သိရသည်။

ထပ်ကြောမ်လွတ်(ကမ္ဘာဦးစေတီ) ဘုရားပွဲကို တပေါင်းလပြည့်နေ့ရောက်တိုင်း နှစ်စဉ်ကျင်းပ ကြတာဖြစ်ပါတယ်။ ယခင်နှစ် တွေက ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ အခုနှစ်မှာက မိသားစုနဲ့အတူ လာရောက် ဖူးမြော်ဖြစ်တာပါ။ ပြီးတော့ ဒီဘုရားမှာ ထူးခြားတာက မိုင်းယောင်းမြို့ရဲ့ သဘာဝတောတောင်အလှများ၊ အေးချမ်းသာယာနေတဲ့ မြို့၏ ရှုခင်းအလှအပတွေကို ဘုရားတောင်ပေါ်ကနေ ကြည့်ရှုခံစားရတဲ့အတွက် အရမ်းကို ပျော်စရာကောင်းခဲ့ပါတယ်။ နောက်နှစ် တွေမှာလည်း လာရောက်ဖူးမြော်ချင် ပါသေးတယ်ဟု တာချီလိတ်မြို့နယ်မှ ဘုရားဖူးလာရောက်သူ တစ်ဦးကဆိုသည်။

ထို့ပြင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော်မြတ်ကြီးအပါအဝင် ဗောဓိရွှေညောင်ပင်၊ ထပ်ပူခမ်း၊ ထပ်ဟိုဖိုင်၊ စွန်ဟိန်းဂူ၊ ဈာန်ရ ကိုရင်ကြီးတောရကျောင်းတို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ကပ်လှူ၍ ကုသိုလ် ပြုကြသူများ၊ ဥပုဒ်သီလစောင့်တည်သူများဖြင့် အထူးပင်စည်ကားခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း