ဖျာပုံ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်ခန့်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာ ကဗျာဆရာ ဇေယျာဘုန်းမြင့်က စကားပြေကောင်းတစ်ပုဒ် ရေးသားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် ကဗျာတစ်ပုဒ်ရေးစပ် သီကုံးရာတွင် ပါဝင်ရမည့် အချက်အလက်များ ကွာခြားပုံတို့အား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယက စာရေးဆရာ မောင်ယဉ်မိုးက မောင်ခင်မင်(ဓနုဖြူ)ရေးသားသော" မောင်ရုပ်ဆိုးနှင့် မယ်မဒ္ဒီ" စာအုပ်မှ " ဖဲထီးအနက်ကြီးနှင့် ပိုးထီးလှလှ" ရသစာတမ်းမှ ကဗျာနှင့် စကားပြေဖတ်ရှုရခြင်းအားဖြင့် ကွာခြားချက်များ၊ စာပေဖတ်ရှုရာတွင် အဓိကကြသော အချက်များအား ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော စာပေဝါသနာရှင်များက ကဗျာနှင့် စကားပြေတို့၏ ကွာခြားပုံများအား အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်