မောက်မယ်မြို့နယ်တွင် Covid-19 ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးရေး ကွင်းဆင်း ဆောင်ရွက်

မောက်မယ် မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း  ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ် နိုင်ရန်မြို့ပေါ် (၇) ရပ်ကွက်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများ ထိုးနှံရန်ကျန်ရှိနေသော ဒေသခံပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့ ကာကွယ်ဆေးထိုးအဖွဲ့ (၂) ဖွဲ့သည် ယနေ့ နံနက်၈နာရီမှစ၍ စျေးတန်းရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့က လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် ပေးခြင်းနှင့် စာရင်းသွင်းခြင်း တို့ကိုဆောင်ရွက်ပေးပြီး  Covid-19 ရောဂါ ကာကွယ်ဆေး Covishield  အမျိုးအစား ကာကွယ်ဆေး အား ဆေးတစ်လုံးလျင် လူ (၁၁) ယောက်နှုန်းဖြင့် ကာကွယ်ဆေးထိုးနှံခြင်း ပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံရာ၌ အဆင်ပြေစွာလာရောက် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

မောက်မယ်မြို့နယ်တွင် ဒေသခံပြည်သူများ Covid-19 ရောဂါ ကင်းဝေးစေရန် တစ်မြို့နယ်လုံး ဆေးထိုးနှံမှု ရာခိုင်နှုန်းအပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် နေ့စဉ်ရပ်ကွက်နှင့် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းပြီး ဧပြီလကုန်အထိ ရာနှုန်းပြည့်မှီရေး ဆက်လက် ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)