ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၃၁)အုပ်စု သို့ စွမ်းအားမြှင့်မီးဖို ၁၃၅၀၀ လုံး အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိ

ကန်ကြီးထောင့်   မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား နိုင်ငံ ရာသီဥတု ပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်း၍ ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ လျှပ်စစ်မီး မရ ရှိသေးသည့် ကျေးရွာအုပ်စု (၃၁)အုပ်စု သို့ ဖေဖော်ဝါရီလမှ စတင်ကာ စွမ်းအားမြှင့်မီးဖိုများ ကွင်းဆင်း ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်မိုးနှင့် ဝန်ထမ်းများက ပထမ အကြိမ်အဖြင့် ကျေးရွာအုပ်စု (၃၁) အုပ်စုမှ အိမ်ထောင်စုပေါင်း (၁၃၅၀၀) အတွက် စွမ်းအား မြှင့် မီးဖို (၁၃၅၀၀) ကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ကွင်းဆင်း ဖြန့်ဖြူးပေးလျက်ရှိပြီး မီးဖို သုံးစွဲပုံများနှင့် အကျိုးကျေးဇူး များကိုလည်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျေးရွာများတွင် ထင်းသုံးစွဲမှု လျှော့ချရေး၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချနိုင်ရေးနှင့် သစ်တော ပြုန်းတီးမှုမှ ကာကွယ်နိုင်ရေး ရည်ရွယ်ပြီး စွမ်းအားမြှင့် မီးဖိုများကို အခမဲ့ ဖြန့်ဖြူး ပေးခြင်း ဖြစ်ပြီး ဒုတိယအကြိမ် ဖြန့်ဝေမှုတွင်ပါဝင်သည့် ကျေးရွာအုပ်စု (၃၃)အုပ်စုမှ အိမ်ထောင်စု ပေါင်း (၁၃၅၀၀) ကိုလည်း စွမ်းအားမြှင့်မီးဖိုများ အခမဲ့ ဆက်လက် ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်မိုး ထံမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)