လင်းခေး သြဂုတ် ၃၁
ယနေ့ သြဂုတ် ၃၁ ရက်နေ့ နိုင်ငံ့ဝန်ထမ်းများ၏ လစာထုတ်ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြန်မာ့စီးပွားရေးဘဏ်၌ လစာထုတ် လာရောက်ကြသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လစာငွေ များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ မပြီးဆုံးသေးတဲ့အတွက် ကျွန်မတို့ဘဏ်က ငွေလာ ရောက်ထုတ်ယူကြတဲ့ နိုင်ငံ့ဝန်ထမ်းများသာမက အများပြည်သူတွေအားလုံးကို ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များအတိုင်း ဘဏ်ထဲမဝင်မီ လက်ဆေးခြင်း၊ နှာခေါင်းကာ Mask များ၊ မျက်နှာကာများ တပ်ဆင်ထားခြင်း၊ ငွေထုတ်ဖို့စောင့်နေစဉ် တစ်ယောက်နဲ့တစ်ယောက် ၆ပေ အကွာ သို့မဟုတ် ခပ်ခွာခွာနေကြစေပြီးမှ ငွေထုတ်ပေးခြင်း၊ ထုတ်ယူခြင်းတွေကို ဒီကနေ့ ဆောင်ရွက်ပေးပါတယ်” “အခြားရက်တွေမှာလည်း အခုလိုစနစ်နဲ့ပဲ ဆက်လက်ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်”ဟု မြို့နယ် ဘဏ်မန်နေဂျာ ဒေါ်နီနီ က ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)