ဓနုဖြူ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံကြေညာခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ကြေညာရာတွင် မုန်တိုင်းငယ် လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီ၊ ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော် ဝင်ရောက်လျက်ရှိပါသဖြင့် အညိုရောင်အဆင့် သတ်မှတ်ကြောင်း၊ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဂရုပြုနေထိုင်ရန်လိုအပ်ကြောင်း၊ မုန်တိုင်းဖြတ်ကျော် နေစဉ်မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၈)ပေမှ (၁၂)ပေအထိ မြင့်တက်လာနိုင်ကြောင်း၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အသိပေးလိုက်လံ ကြေညာခြင်းနှင့် မုန်တိုင်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)