တပ်ကုန်း မတ် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ကလေးအလုပ်သမားများ ပပျောက်စေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)တို့က ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေး အလုပ်သမား အန္တရာယ်ဖြစ်စေသည့် အလုပ်များ၊ ကလေးအလုပ်သမားနစ်နာဆုံးရှုံးမှုများ၊ ကလေး အလုပ်သမားပပျောက်ရေး နည်းလမ်းများ စသည့်တို့ဖြင့် ဆွေးနွေးပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်