ရေဖြူ မတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာအုပ်စု၊ ဂန်းတောကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်မှုဖြင့် မဟာဓာတ်အား လိုင်းပြင်ပ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဆိုလာအသေးစားဓာတ်အားပေးစနစ်မီးလင်းရေး လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ် ၂၂ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် အဆိုပါကျေးရွာ၌ကျင်းပသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးရဲခေါင်က မိမိတို့ဌာနအနေဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းကို နိုင်ငံတော် ဘတ်ဂျက်အပြင် ကျေးလက်နေ ပြည်သူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး အရှိန် အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးရေးတို့သည် လျှပ်စစ်မီး ရရှိရေးအပေါ် မူတည်နေကြသည့်အတွက် ကျေးလက်နေပြည်သူများအား ဆိုလာစနစ်အတွက် ၁၃၄.၄ ကီလိုဝပ်နှင့် အရန်ဒီဇယ်စနစ်ဖြင့် ၁၂၀ ကီလိုဝပ်တွင် ပါဝင်သော ဆိုလာဒီဇယ် ပေါင်းစပ် စနစ် အမျိုးအစားကို KYOCERA Communication System Kinetic Myanmar ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး နိုင်ငံတော်မှ ဘတ်ဂျက် ၆၀ ရာခိုင်နှုန်း၊ ကျေးရွာပြည်သူများက ၂၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက် ခဲ့ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်၊ ရေဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းနှင့် လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီ တာဝန်ရှိသူတို့က ဆိုလာဓာတ်အားစနစ်မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကျွဲသုံးညီမကျေးရွာအုပ်စု၊ ဂန်းတောကျေးရွာတွင် အိမ်ခြေ (၄၀၀) ရှိပြီ ယခုအခါ စီမံကိန်းမှ ကျေးရွာရှိ အိမ်ခြေ(၃၂၀)အား လျှပ်စစ်မီးရရှိအောင် အကျိုးပြုဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခတ္တာ