ကျောက်ပန်းတောင်း မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေး အတွက်၊ ရောဂါကြိုတင်ကာကွယ်ရေး၊ ပြည်သူလူထုသို့ အသိပညာပေးရေး လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ရန်နှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဌာနဆိုင်ရာ များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မြို့နယ်စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီကို၊ ယမန်နေ့ က ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စောင့်ကြည့်စစ်ဆေး ကုသရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဖြစ်ပွား နေသည့် ကိုရိုနာ ဗိုင်းရပ်စ် COVID-19 အဆုတ်ရောင်ရောဂါကို WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ကမ္ဘာ့ ကပ်ရောဂါ(Pandemic)အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ မိမိတို့နိုင်ငံ၊ မြို့နယ် အတွင်း ဖြစ်ပွားမှု မရှိသေးသော်လည်း၊ ကြိုတင်ပြင်ဆင်ထားသင့်သည်များကို ကြိုတင်ပြင်ဆင် ထားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ရှေးဦးစွာ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့် မြို့နယ်အဆင့် စောင့်ကြည့် စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်ပါကြောင်း နှင့် ကော်မတီ၏ လုပ်ငန်း တာဝန်များကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦးက ရောဂါ ဖြစ်ပွားတတ်သည့် အခြေအနေများနှင့် ဖြစ်ပွားမှုမရှိအောင် ကြိုတင်ဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ကျန်းမာရေးမှူး အဆင့်-၁ ဦးလှဟန်က ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ရာတွင် ကိုရိုနာဗိုင်းရပ်၏ သဘောသဘာဝနှင့် ကူးစက်ပြန့်ပွားမှု အခြေအနေများ၊ ရောဂါဖြစ်ပွား လာပါက ပြသတတ်သည့် လက္ခဏာများနှင့် ကူးစက်မှုမခံရအောင် ဆောင်ရွက်သင့်သည့် လုပ်ငန်း များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်မြို့နယ်ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေး မှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ မြို့နယ်စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီတွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊ မြို့နယ်စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးစိုးမင်းအောင်နှင့် ကော်မတီဝင်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)