ဖျာပုံ သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖျာပုံခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာရန်နှင့်လည်ဆွဲကတ်များ ထုတ်ပေးရန် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းကို ဖျာပုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေး ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်လင်းဦးက လွှတ်တော် ကိုယ်စားလှယ်လောင်းအမည် ကြေညာခြင်းကို ကြေညာဘုတ်နှင့် ဖျာပုံခရိုင်ကော်မရှင် Page တွင် သြဂုတ် ၃၀ ရက်နေ့မှစတင်၍ စတင်ကြေညာထားကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် campaign မန်နေဂျာတို့၏ အသိအမှတ်ပြု လည်ဆွဲကတ်များကို စက်တင်ဘာ ၁ ရက်နေ့တွင် ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ထုတ်ပေးသွားမည်ဖြစ်ပြီး ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း တစ်မြို့နယ်လျှင်တစ်ကြိမ် တွေ့ဆုံထုတ်ပေးမည်ဖြစ်ပြီး ၄ ကြိမ်ခွဲ၍ ထုတ်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ဝင်းသိန်းက လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် campaign မန်နေဂျာတို့၏ အသိအမှတ်ပြုလည်ဆွဲကတ်များ ထုတ်ပေးရာတွင် လွှတ်တော် ကိုယ်စားလှယ် လောင်းများ သိသင့်သည့်အချက်များကို ဌာနအလိုက်ရှင်းလင်းအသိပေး ပြောကြားရန် ပြောကြားသည်။ ထိုနောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ဌာနအလိုက် အသီးသီး ဆွေးနွေး တင်ပြကြသည်။
ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အသိအမှတ်ပြု လည်ဆွဲများကို လွှတ်တော် ကိုယ်စားလှယ်လောင်း(၇၃)ဦးနှင့် campaign မန်နေဂျာ(၃၁)ဦးထံသို့ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ဖျာပုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
လှလှနွယ်(ပြန်/ဆက်)