မော်လမြိုင်ကျွန်း ဩဂုတ် ၃၁
မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ အချိန်တိုအတွင်း သွားရောက် နိုင်တော့မည့် စော်ကဲတံတားသစ်ကြီးအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဆွေနှင့်အဖွဲ့မှ ယနေ့ နံနက် ၁ဝ နာရီအချိန်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တံတားသစ်တည်ဆောက်ရေးအဖွဲ့(၂)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ဟိန်း အောင် မှ တံတားသစ် တည်ဆောက်ရေးလုပ်ငန်းများ တင်ပြဆွေးနွေးပြီး လိုအပ်သည်များကို ပြန်လည် ဆွေးနွေးညှိနှိုင်းကြသည်။
စော်ကဲတံတားသစ်ကြီးအား တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားဦးစီးဌာနမှ တာဝန်ယူ တည်ဆောက် လျက်ရှိပြီး လမ်းအမှတ်(၁၀)၊ ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြ လမ်းမိုင်တိုင်အမှတ်(၁၇/ဝ)တို့အား ဖြတ်သန်း၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ အချိန် ၂ နာရီခန့်ဖြင့် အချိန်တိုအတွင်း ကူးလူးဆက်သွယ်သွားလာနိုင်တော့မည် ဖြစ်သည်။
အဆိုပါ စော်ကဲမြစ်ကူးတံတားကြီးသည် အရှည် ၇၅၀ မီတာ၊ အကျယ် ၉.၅ မီတာရှိပြီး ဇူလိုင်လ ၁ ရက်၊ ၂၀၁၇ မှစတင်တည်ဆောက်ခဲ့ပြီး၊ လုပ်ငန်းပြီးစီးမှု ၉၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလ ၃ဝ ရက်တွင်အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သီတာအောင်(ပြန်ဆက်)