ညောင်တုန်းမြို့၌ နေအိမ်မှ ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်းမတပ်ဆင်သူများအား အရေးယူ

ညောင်တုန်း  ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသူများ   နှာခေါင်းစည်း(Mask) မတပ်ဆင်ပါက "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် အရေးယူ ဆောင်ရွက်ခြင်းကို ယမန်နေ့မှ စတင်၍ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမိုးကျော်သူ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဦးနှင့် မြို့နယ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ လမ်းမတော်လမ်းမကြီး၊ ဗိုလ်ချုပ်လမ်း၊ အာဇာနည်လမ်း၊ မြို့အဝင်ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး၊ လမ်းဆုံနေရာများနှင့် လမ်းမ တစ်လျှောက် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား နှာခေါင်းစည်း (Mask) သုံးခုလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် ဝယ်ယူစေပြီး နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ဆောင်ရွက်ပေးသည်။

ညောင်တုန်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရမည် ဆိုပါက ရောဂါကူးစပ်မှုမှ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များကို တပ်ဆင်ကြရမည်ဖြစ်ပြီး မြို့နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီ အဖွဲ့မှ ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်၍  နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူများကို သုံးခုလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို မြို့ပေါ်နှင့် ကျေးရွာအတွင်းရှိ ပြည်သူများအားလုံး ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝဠာနိုင်(ညောင်တုန်း)