မန္တလေး မတ် ၁၉
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့ညနေ ၃ နာရီက အောင်မြေသာစံ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အသိပညာပေး ရှင်းလင်းပွဲတွင် အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် လျင်မြန်စွာ ဖြစ်ပွားနေမှုများအကြောင်း၊ မြန်မာနိုင်ငံတွင် ရောဂါကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသည့် အခြေအနေများအကြောင်း၊ အောင်မြေသာစံ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ လူစုလူဝေး ဖြစ်ပေါ်စေမည့် ပွဲလမ်းသဘင်များကို အတတ်နိုင်ဆုံး ကျင်းပခြင်း မပြုလုပ်ရန်အကြောင်း၊ မဟုတ်မမှန် သတင်းများကို ဖော်ထုတ်ရန်လိုကြောင်းနှင့် သတင်းလက်ဦးမှု ရယူနိုင်ရန်လိုကြောင်း၊ ပြည်သူကိုထပ်ဆင့် အသိပညာပေးရန် လိုကြောင်း တို့ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အောင်မြေသာစံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကြည်ရွှေ က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအကြောင်း၊ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအကြောင်း၊ ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေးနေရာများကို ရှောင်ရှားဖို့လိုကြောင်း၊ နိုင်ငံရပ်ခြားမှ လာသူများနှင့် သံသယလူနာများ တွေ့ရှိပါက အမြန်ဆုံး ကျန်းမာရေးဌာနသို့ အကြောင်းကြားပေးရန်လိုကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် ကျန်းမာရေးဦးစီးမှူးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
အဆိုပါ အသိပညာပေး ရှင်းလင်းပွဲသို့ အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်ရွှေနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)