တောင်ကြီး မတ် ၂၇
နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝအထောက်အကူဖြစ်စေ နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက် ၉ နာရီခွဲတွင် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်နေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်နှင့် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်တို့က အနီးကပ်ကြီးကြပ်စစ်ဆေးခဲ့ကြောင်းနှင့် လက်ထောက်မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်နှင့် ဝန်ထမ်းများ ကကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာညွှန်ကြားချက်များနှင့်အညီ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်းဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းတိုး/လျော့ /ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသည့်ရပ်ကွက်၊ ကျေးရွာသို့လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း