တောင်ကြီးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

တောင်ကြီး မတ် ၂၉

နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝအထောက်အကူ ဖြစ်စေနိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်  ယမန်နေ့ နံနက် ၉ နာရီခွဲတွင် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်နေမှုအား  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်နှင့် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်တို့က အနီးကပ်ကြီးကြပ် စစ်ဆေးခဲ့ကြောင်းနှင့် လက်ထောက် မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်နှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံး သူများကို မိတ္တူပြုလုပ် ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး/သေဆုံး စာရင်းဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်း တိုး / လျော့ / ပြောင်းဝင် / ပြောင်းထွက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသည့်ရပ်ကွက်၊ ကျေးရွာ သို့လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း