နမ့်ဆန် မတ် ၂၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ် (၃)ရပ်ကွက်နှင့် ငွန်ဆိုင်းကျေးရွာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့အတွင်းရှိ ပြည်သူများအနေဖြင့် ယခုအချိန်သည်ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိ လာပြီဖြစ်၍ မီးဘေးအန္တရာယ် မကျရောက်နိုင်စေရန်အတွက် မိမိအိမ်ဝင်းအတွင်းတွင် တပ်ဆင်ထားသော လျှပ်စစ်မီးကြိုးများ၊ ဝါယာကြိုးများ သစ်ပင်သစ်ကိုင်းများနှင့် တွယ်ညှိမနေစေရန် ဖယ်ရှားဆောင်ရွက်ခြင်း၊ ဟောင်းနွမ်းသော ဝါယာကြိုးများရှိပါက အသစ်လဲလှယ် အသုံးပြုရန်၊ လောင်ဆာဆီ သိုလှောင်ခြင်း မပြုရန်နှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်စေရန်၊ လျှပ်စစ်မီး ဖယောင်းတိုင်မီးကို စနစ်တကျကိုင်တွယ်အသုံးပြုရန်၊ မီးချိတ်မီးကပ်များ၊ သဲအိတ်ရေအိတ် ထားရှိခြင်းစသည့် မီးဘေးကြိုတင် ကာကွယ်ရေး ပူးပေါင်းပါဝင်လိုက်နာကြရန်တိုက်တွန်း အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
နမ့်ဆန်ဒေသ(ပြန်/ဆက်)