မြိတ် မတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မီးဘေးလုံခြုံရေးအတွက် စည်ပင်သာယာရေးကော်မတီမှ ကန်ကြီးရပ်ကွက် ကန်တော်မင်္ဂလာရေကန်အနီးရှိ ရေဂါလံ(၆၀၀၀)ဆန့် JICA ရေကန်မှ သွယ်တန်းထားသော ရေပိုက်လိုင်းတွင် မီးငြှိမ်းသတ်ရေငုတ်များကို စတင်တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ မီးဘေးလုံခြုံရေးအတွက် ကန်တော်မင်္ဂလာရေကန်ရှိ ရေများကို ရေကန်အနီး JICA ရေကန်ကို ရေစုပ်တင်ကာ ကမ်းနားလမ်းရေပိုက်လိုင်းမှာ မီးသတ်ရေငုတ်တပ်ဆင်သွားမှာပါ။ လောလော ဆယ် (၃)ခုတပ်ဆင်မှာ ဖြစ်တယ်။ နောက်ထပ် ကော်မတီရန်ပုံငွေရရှိတဲ့အပေါ် ဆက်လက် တပ်ဆင်ဆောင်ရွက်သွားပါ့မယ်။ မြိတ်မြို့မှာ မီးလောင်မှုကြီးကြုံတွေ့ခဲ့ထားရတော့ အများကြီး သင်ခန်းစာ ရပါတယ်။ ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထ မီးသတ်ကားများရှိကြသလို မြို့ မီးဘေးလုံခြုံရေးအတွက် အထောက်အကူဖြစ်စေရန် အခုလို မီးသတ်ရေငုတ်တွေကို ဖြည့်စွက်တဲ့ အနေနဲ့ လမ်းဆုံလမ်းခွတွေမှာ စည်ပင်ကော်မတီမှ ဦးဆောင်ပြီး ဆက်လက် ဆောင်ရွက်သွားပါ မယ်” ဟု စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
မီးဘေးလုံခြုံရေးအတွက် စည်ပင်သာယာရေးကော်မတီမှ ဝယ်ယူထားသည့် မီးသတ်ရေငုတ် (၃)ခုသည် မြိတ်မြို့သို့ ရောက်ရှိခဲ့ပြီး အဆိုပါရေငုတ်များကို ကမ်းနားလမ်းနှင့် နာရီစင်လမ်း ထောင့်တွင်တစ်ခု၊ ပြည်တော်သာ ရေဆင်း တံတားအနီးတွင်တစ်ခု၊ နောက်လယ်စျေး အနီးတွင် တစ်ခု တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမီးသတ်ရေငုတ်မှာ Hydrant မီးသတ် ရေငုတ်ခေါင်း ဖြစ်ပြီး ရေငုတ်ခေါင်းတစ်ခုတန်ဖိုးမှာ (၃၈၀,၀၀၀)ကျပ် ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ် စခန်း(၈)ခုတို့၌ မီးငြှိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း (၂၆)စီး ရှိပြီး အလယ်ကျွန်း နယ်မြေတွင် ရေဂါလံ(၆၅၀၀)ဆန့်ရေစင်တစ်ခုဖြင့် မီးငြှိမ်းသတ် ရေငုတ် အလုံး(၂၀)၊ ထားဝယ်စုရပ်ကွက်တွင် ကန်တော်မင်္ဂလာရေကန်မှ ရပ်ကွက်အတွင်းသို့ ရေပိုက်သွယ်တန်းထားရှိပြီး မီးသတ်ရေငုတ်(၄)ခု တပ်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ခိုင်ထူး