ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယို တည်းဖြတ်နည်း သင်တန်း ဖွင့်လှစ်သင်ကြား

ပင်းတယ မတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီကမိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယို တည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပို့ချခဲ့​ကြောင်းသိရသည်။

အဆိုပါ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မိုဘိုင်းဖြင့် သတင်းဗီဒီယို တည်းဖြတ်နည်းသင်တန်း ဖွင့်လှစ် သင်ကြားရခြင်းနှင့် ပတ်သက်ပြီးမိမိတို့ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း နည်းပညာသုံးစွဲနည်းစနစ်များ လူတိုင်းသိရှိ နားလည် တတ်ကျွမ်းပြီး လုပ်ငန်းစွမ်း​ဆောင်ရည် တိုးတက်မြင့်မားစေရန်နှင့် ဝန်ထမ်းများအချင်းချင်း ပိုမိုရင်းနှီးချစ်ခင်လာစေရန် ရည်ရွယ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဓာတ်ပုံကျွမ်းကျင် (၂) ဦးအောင်ကိုဦးမှ ဝန်ထမ်းများအား မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယို တည်းဖြတ်နည်းကို power director နှင့် kine master app အသုံးပြုနည်းတို့ဖြင့်လက်တွေ့ သရုပ်ပြသင်ကြားပေးခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) မှ ဝန်ထမ်းများက စိတ်ပါဝင်စားစွာ သင်ယူလေ့လာခဲ့ကြကြောင်း သိရသည်။

အေးအေးလတ်(ပြန်/ဆက်)