မိုင်းဆတ်မြို့၌ မီးဘေးလုံခြုံရေး အသိပညာပေး မီးငြှိမ်းသတ်သရုပ်ပြသခြင်း ဆောင်ရွက်

မိုင်းဆတ် မတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မီးသတ်ဦးစီးဌာနမှ  မီးဘေးလုံခြုံရေးအသိပညာပေး မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန် နေ့  နေ့လယ် (၁:၃၀) နာရီအချိန်က မိုင်းဆတ်မြို့တွင်းရှိ မြို့မစျေးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ အများပြည်သူများအနေဖြင့် မီးလောင်မှု ဖြစ်ပွားလာပါက ကိုယ်တိုင်ဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြလေ့ကျင့် ဆောင်ရွက်ပေးရာ တက်ရောက်လာကြသည့် ဝန်ထမ်းများပူးပေါင်း သရုပ်ပြလေ့ကျင့်ခဲ့ပြီး  ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်၊ စည်ပင်ဦးစီးမှုး ဦးအောင်သူနှင့် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဦးဇော်နိုင်၀င်းတို့က စျေးတွင်းရှိလိုင်းခန်းများတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်လံစစ်ဆေးအကြံပြုခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေး သရုပ်ပြပွဲသို့ မီးသတ်ကား (၅) စီးနှင့် အတူမီးသတ်တပ်ဖွဲ့ဝင်များက စျေးပတ်လည်အတွင်းသို့ ရေများ ပတ်ဖြန်းသရုပ်ပြခဲ့ကြပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်ဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းပါဝင်တက်ရောက်ကြကြောင်း သိရသည်။

အိအိဖြိုး(မိုင်းဆတ်၊ပြန်/ဆက်)