တပ်ကုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

တပ်ကုန်း မတ် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အသိပေးအချက်များကို ယမန်နေ့ ညနေပိုင်းက  တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဦးစီးဌာနမှ ဝန်ထမ်းများက  ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​သည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲများ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက် ပျံ့နှံမှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံ များသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံတွင်လည်း ရောက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်း  နှာခေါင်းစည်း(Mask)တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောခြင်း၊တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း စသည့်စည်းမျဉ်း၊ စည်းကမ်းများ ကို ဆက်လက် လိုက်နာကျင့်သုံးသွားကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်