မိုင်းဖြတ် မတ် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဖွေးဟုန်း၊ ပါဆန်း၊ ဟောင်ဟင် စသည့် ကျေးရွာများသို့ ဆက်လက်ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုရေးဝန်ထမ်းဦးစီးဌာနနှင့် သင်္ဂဟလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကျေးရွာများသို့ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကူးစက်မှုမြန်ဆန်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကြိုတင် ကာကွယ်တားဆီးနိုင်ရေး လူစုလူဝေး ရှောင်ရှားခြင်း၊ နေအိမ်အပြင်သို့ထွက်ပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမှနေထိုင်စကားပြောခြင်း စသည့် နည်းလမ်းများကို ရှမ်း / မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကင်းဝေးစေရေးအတွက် ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်များ နှင့်အညီ အလေးထား ဂရုစိုက်လိုက်နာ နေထိုင်သွားလာရေး တိုက်တွန်းပြောကြား၍ အသိပညာပေး လက်ကမ်းစာစောင်များ၊ ပါးစပ်နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)