ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) အသိပညာပေး Talk Show ဆောင်ရွက်

အိမ်မဲ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT) အသိပညာပေး Talk Show ကို ယနေ့ နေ့လည် ၁၂ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က အသိပညာ​ပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေထွန်းက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT) အစီအစဉ်ထောက်ပံ့ရာတွင် သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ပေးသည့်အကြောင်း၊ MCCT အစီအစဉ်တွင် ယခင်က အကျိုးခံစားခွင့်ရရှိပြီးသော ကလေးများ၊ အကျိုးခံစားခွင့်ရရှိပြီးသော ကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားလာသော ကလေးငယ်များအား ထောက်ပံ့ပေးသည့် ငွေပမာဏအမျိုးအစားများ၊ (MCCT) ထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်များကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ Talk Show များ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)