ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign များပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဆီဆိုင်    စက်တင်ဘာလ   ၁

ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံတိုင်းရင်းသားပြည်သူများ နှာခေါင်းစည်းကို စနစ်တကျ  တပ်ဆင် အသုံးပြု သွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ယနေ့နံနက် ၇ နာရီခွဲ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign များပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Mask Campaign များ ပြုလုပ်ရာတွင် လူစည်ကားရာနေရာဖြစ်သော ဆီဆိုင်မြို့မဈေး ဈေးအတွင်း/အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ ဆီဆိုင်-တောင်ကြီး ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ခရီးသွား ပြည်သူများ၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကိုယ်ပိုင် ကျေးလက်ဈေးနှင့် ဆိုက်ခေါင်-ကျောက်တလုံး လမ်းဆုံတို့တွင် ဖြတ်သန်းသွားလာသော မိဘပြည်သူ များတို့ အားနှာခေါင်းစည်းအခု (၃၅၀၀)အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်းကိုမဖြစ်မနေ တပ်ဆင်သွားလာကြရန်နှင့် လက်ကို မကြာခဏ ဆေးကြောရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သီဟန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ ဖြူစင်နှလုံးသား သွေးလှူရှင် အသင်းဝင်များ၊ မြို့နယ်ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေး အသင်းဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)