ကွတ်ခိုင် စက်တင်ဘာ ၁
နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ပါတီ(၈)ပါတီမှ ကိုယ်စားလှယ်လောင်း (၂၂)ဦးနှင့် တိုင်းရင်းသား လူမျိုးများ ဝန်ကြီး ကိုယ်စားလှယ်လောင်း (၄၃)ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး ခွဲထံမှ သိရသည်။
ကွတ်ခိုင်မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့ နံနက်ပိုင်း က ကွတ်ခိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ စတင်ကပ်ထား ကြေညာထားရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၈)ဦး၊ ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁)တွင် (၅)ဦး၊ ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)တွင် (၄)ဦး စုစုပေါင်း(၂၂)ဦးရှိသည်။ အဆိုပါ ထုတ်ပြန်ကြေညာထားသည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်လည်း ဆက်လက်ကြေညာသွားမည်ဖြစ်သည်။
ကွတ်ခိုင်မြို့နယ်အတွင်း တိုင်းရင်းသားလူမျိုးများဝန်ကြီး ကိုယ်စားလှယ်လောင်းအနေဖြင့် ကချင်၊ ဗမာ၊ လားဟူ၊ လီဆူ၊ အာခါ၊ အင်းသားနှင့် ကယန်းတိုင်းရင်းသားလူမျိုးတို့မှ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများ ဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာတွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း (၄၃)ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
ကွတ်ခိုင်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ကချင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီနှင့် ပြည်သူ့ကောင်းကျိုးဆောင် ပါတီ စုစုပေါင်းပါတီ (၈)ပါတီမှ ကိုယ်စားလှယ်လောင်း (၂၂)ဦးက သက်ဆိုင်ရာပါတီအတွက် ကိုယ်စားပြု ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)