မိုးမိတ်မြို့နယ် နမီကျေးရွာ ပဒါန်းချောင်း မြေထိန်းနံရံကျိုးပေါက်ခြင်း ပြန်လည်ပြုပြင်ဆောင်ရွက်

မိုးမိတ်   စက်တင်ဘာ   ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု နမီကျေးရွာတွင် ယမန်နေ့ ညနေပိုင်း က မိုးသည်းထန်စွာရွာသွန်းသဖြင့် ပဒါန်းချောင်းရေ မြင့်တက်ပြီး ရွာအဝင်တံတား၏ မြေထိန်းနံရံ ပေ(၇၀)ခန့်နှင့် ကျောက်စီမြေထိန်းနံရံ ပေ(၃၀)ခန့် ချောင်းတာဘောင် ကျိူးပေါက်၍ နမီကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ ထိုသို့ရေဝင်ရောက်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ  အိမ်ထောင်စု(၅)စု ကျား (၈)ဦးနှင့် မ (၁၄)ဦးတို့အား ညတွင်းချင်း ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းထားရှိပေးခဲ့ပြီး လူနှင့် ကျွဲ၊နွား၊ တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် လယ်မြေဧက (၁၅၀) ခန့် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင်  ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတိုးသောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် စစ်ဗျုဟာအဖွဲ့ (အခြေချ) မိုးမိတ်မှ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ  ဝိုင်းဝန်း ပူးပေါင်းပြီး ကျိုးပေါက်ပျက်စီးခဲ့သည့် ချောင်းတာဘောင်အား သဲအိတ်များဖို့ခြင်း၊ ယာယီမြေထိန်း နံရံတည်ဆောက်ပေးခြင်းနှင့် လိုအပ်ချက်များကို ပေါင်းစပ်ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)