နမ့်စန်မြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်ကြေညာ

နမ့်စန်(တ)      စက်တင်ဘာ     ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ယမန်နေ့ နေ့လည်ပိုင်းမှစတင်ကာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေငြာထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအောင် ထံမှ သိရသည်။

နမ့်စန်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၇)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း (၇) ဦး၊ မဲဆန္ဒနယ် အမှတ်(၁)  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (၉) ဦး၊ မဲဆန္ဒနယ် အမှတ်(၂)  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (၈) ဦးနှင့် ဗမာ၊ ကချင်၊ လီဆူ၊ လားဟူ၊ အင်းသား၊ အာခါနှင့် ကယန်း(ခ)ပဒေါင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာများတွင် နိုင်ငံရေးပါတီ (၁၅)ခုမှ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး တိုင်းရင်းသားလွှတ်တော် မဲဆန္ဒနယ်များတွင် တစ်သီး ပုဂ္ဂလ ပါဝင်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း (၆) ဦးရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် (၁၁) ခုနှင့် ကျေးရွာအုပ်စု (၂၀)တို့တွင် ပထမအကြိမ် မဲစာရင်း ကြေညာမှုအရ လက်ရှိအချိန်ထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၈၉၄၀၃ ဦး ရှိပြီး လျာထားမဲရုံအရေအတွက်မှာ (၁၀၃) ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သူရအောင်(ပြန်/ဆက်)