ပျဉ်းမနားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒက္ခိဏသီရိ   စက်တင်ဘာ   ၁

ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ပျဉ်းမနားမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း က ပျဉ်းမနားမြို့နယ်ရှိ မြို့ပေါ်(၇)ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရန်၊ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန်အတွက် မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာ ရောက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ်ရှိ မဲဆန္ဒရှင်စာရင်းစုစုပေါင်း (၁၃၀၀၀၀) ကျော်ရှိသည့် အနက်  မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရန်အောင်(၁)၊ ရန်အောင်(၂)၊ မင်္ဂလာ၊ ရွှေချီ၊ ရွာကောက်၊ ဘောဂဝတီနှင့် ဥယျာဉ်စုရပ်ကွက်များရှိ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြသည်။

ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများကို ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်းမပါ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၅၈၁၁)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ(၄)ဖြင့် ကန့်ကွက်လွှာ လျှောက်ထားသူ (၁၄၂၁)ဦး၊ ကိုယ်ရေးအချက်အလက်များ မှားယွင်း၍ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ လျှောက်ထားသူ (၁၂၃၇၂)ဦးရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်၊ ပြန်/ဆက်)