ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ စုံစမ်းရှာဖွေစစ်ဆေးရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုင်းတုံ     စက်တင်ဘာ      ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ စုံစမ်းရှာဖွေစစ်ဆေးရေး လုပ်ငန်းကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် က ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင် က အမှာစကားပြောကြားပြီး ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော် က ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာ ၂ ဦး တွေ့ရှိရသည့်အတွက် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်နေသည့်ဒေသများမှ ဝင်ရောက်လာခဲ့သူများအား စုံစမ်းရှာဖွေစစ်ဆေးရေး၊  ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်မှုအပြင် ခရီးသွားရာဇဝင်မှတ်တမ်းများရယူနိုင်ရေး၊ Quaratine  နေရာများပြန်လည်ထားရှိဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် ကာကွယ်ရေးပစ္စည်း အသုံးအဆောင်များ လုံလောက်စွာ ပြင်ဆင်ထားရှိရေး၊ သတင်းအချက်အလက်များရရှိနိုင်ရေး စသည့် လုပ်ငန်းစဉ်များနှင့် ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ မြို့နယ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း က ကျိုင်းတုံလေဆိပ်လည်းကောင်း၊ တောင်ကြီး မြို့ ဘက်မှ ကျိုင်းတုံမြို့အဝင် ကျိုင်းဖောင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် လည်းကောင်း ဝင်ရောက်လာ သည့်ခရီးသည်များအား ခရီးသွားရာဇဝင်အပြင် ဖုန်းနံပါတ်များ ရယူဆောင်ရွက်ထားရန်၊ ကျိုင်းတုံခရိုင်အတွင်းရှိ မြို့များသို့ဖြတ်သန်းဝင်ရောက်လာသည့်် မော်တော်ယာဉ်များမှ ခရီးသည်များ၏ မှတ်တမ်းများရရှိရေးအတွက်  လမ်းတစ်လျောက် တည်းခိုရပ်နားခဲ့သည့် ‌စျေးဆိုင်များကို အလှည့်ကျစနစ်ဖြင့် ဖွင့်လှစ်ရောင်းချခွင့်ပြုသွားရန်၊  စက်တင်ဘာလ ၂ ရက်မှ ၄ ရက်နေ့ထိ ကျိုင်းတုံမြို့မ‌‌စျေးကြီးနှင့် အာခါ‌စျေးတို့အား ၃ ရက် ယာယီ ပိတ်သိမ်းသွားရန်၊ လက်ဖက်ရည်ဆိုင်များ၊ စာသောက်ဆိုင်များမှ ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန်တို့ကို ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသူများက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ စုံစမ်းရှာဖွေ စစ်ဆေးရေးလုပ်ငန်းများအား ပတ်သက်၍ အကြံပြုဆွေးနွေးကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)