ကျောက်မဲ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနစုံမှဝန်ထမ်းများသည် ၂၄ နာရီ အလှည့်ကျစနစ်ဖြင့် မြို့အဝင် လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမပေါ်ရှိ OHC တိုးဂိတ်၌ ခရီးသည်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခရီးသည်စာရင်းများ ကောက်ယူခြင်းများကို ဩဂုတ်လ ၂၆ ရက်နေ့မှစ၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
၎င်းကဲ့သို့စစ်ဆေးရာတွင် ခရီးသည်များကို အပူချိန်တိုင်းတာပေးခြင်း၊ ခရီးသည်များ Mask စနစ်တကျတပ်ဆင်ရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး၊ ယာဉ်နံပါတ်၊ ယာဉ်မောင်းအမည်၊ ယာဉ်မောင်း၏ ဖုန်းနံပါတ်၊ သွားရောက်မည့်ခရီးစဉ်များကို ကောက်ယူခြင်း များ ဆောင်ရွက်လျက်ရှိသည်။ ၎င်းကဲ့သို့စတင်စစ်ဆေးသည့်ချိန်မှစ၍ ယနေ့အထိ အချိန်အတွင်း သံသယဖြစ်ဖွယ် လူနာတစ်ဦးမျှ မတွေ့ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို မြို့အဝင်ပင်လုံလမ်းထိပ်၌ မတ်လ ၂၆ ရက်နေ့မှစ၍ ထားရှိဆောင်ရွက်ခဲ့သော်လည်း ပြည်တွင်းရောဂါ ကူးစက်မှုကျဆင်းလာသည့်နောက်ပိုင်း ဇွန်လ ၂၃ ရက်နေ့တွင် အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖြုတ်သိမ်းခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ တစ်နေ့တစ်ခြားတိုးလာသောကြောင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ထားရှိ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)