ညောင်ရွှေ စက်တင်ဘာ ၂
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့သည် ခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက်လေ့လာ လည်ပတ်သည့် ခရီးသွားဒေသတစ်ခု ဖြစ်သည့်အလျောက် ဒေသတွင်းသဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းသာယာသော အဝန်းအဝိုင်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် အီတလီနိုင်ငံ အခြေစိုက် ICEI (Istituto Cooperazone Economica Internazionale) နှင့် ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော Communication Awareness Campaign for Environmental Issues (Plastic Reduction) အတွက် Campign Planning Workshop ကို ယမန်နေ့နံနက် (၉)နာရီအချိန်က ညောင်ရွှေမြို့ရှိ Inle Apex Hotel ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ညောင်ရွှေမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် က အမှာစကားပြောကြားပြီး Paradise Event Management မှ Manager ဒေါ်ရွှေစင်ဦး က ၎င်းတို့ဆောင်ရွက်မည့် ပလက်စတစ်ကင်းစင်ရေး လုပ်ငန်းစီမံချက်များကို မိတ်ဆက်ရှင်းလင်း ခဲ့သည်။
ထို့နောက် ICEI မှ တာဝန်ရှိသူတစ်ဦးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမှိုက်စနစ်တကျ စွန့်ပစ်ရေး၊ ပလက်စတစ်သုံးစွဲမှု လျှော့ချနိုင်ရေး၊ ပြည်သူလူထုသို့ အသိပညာဖြန့်ဖြူးပေးနိုင်ရေး၊ စွန့်ပစ်ပစ္စည်များ ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်ရေးအစရှိသည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် စည်ပင်သာယာရေးကော်မတီ၊ ဧည့်လမ်းညွှန်အသင်း၊ ခရီးသွားလုပ်ငန်းရှင်းအသင်းနှင့် ဖိတ်ကြားထားသူများက အပြန်အလှန်သုံးသပ်ဆွေးနွေး အကြံပြုချက်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ