မိုင်းယန်း စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပေးအပ်ပွဲအခမ်းအနားတွင် မိုင်းယန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆမ် နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းထက်တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးလှဝင်း က စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်တောင်သူ များအတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းရည်ရွယ်ချက်နှင့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရ ခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေများပေးအပ်ရာတွင် မိုင်းယန်း မြို့နယ် မှ တောင်သူ (၁၉) ဦးနှင့် မိုင်းပေါက်မြို့နယ်မှ တောင်သူ (၄) ဦး၊ စုစုပေါင်း (၂၃)ဦး တို့၏လယ် မြေပိုင်ဆိုင်မှု ဧကအလိုက် မျိုးကွဲပါယ်ခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းများ အတွက် တစ်ဧကလျှင် ငွေကျပ် (၆၅၀၀၀) နှုန်းဖြင့် စုစုပေါင်း လယ်မြေ (၆၅) ဧကအတွက် ငွေကျပ် (၄၂၂၅၀၀၀)ကို တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တောင်သူများ က လက်ခံရယူခဲ့ကြ သည်။ ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ခြင်း အပေါ် မိုင်းလွေကျေးရွာနေ တောင်သူဦးစိုင်းကျောက် မှ တောင်သူအားလုံးကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)