လားရှိုး စက်တင်ဘာ ၂
လားရှိုးမြို့နယ် နောင်ဖော့ကျေးရွာအုပ်စုအတွင်းရှိ ပန်ခန်ကျေးရွာနှင့် နမ့်မော်စွန်ကျေးရွာတို့တွင် နေထိုင်သည့် ပြည်သူ ကျား(၈၁)ဦး၊ မ (၁၃၇)ဦးတို့သည် တိုက်ပွဲဖြစ်မည်သတင်းရရှိခြင်းအပေါ် စိုးရိမ်ထိန့်လန့်မှုဖြစ်ပြီး ယမန်နေ့ည (၇)နာရီအချိန်ခန့်က လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ မန်ဆူရှမ်း ကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရသည်။
အဆိုပါတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၉၀)စု ကျား(၈၁)ဦး၊ မ(၁၃၇)ဦး စုစုပေါင်း(၂၁၈)ဦး တို့အား ကျန်းမာရေးနှင့်စားသောက်နေထိုင်ရေးကိစ္စများ အဆင်ပြေစေရေး အတွက် လားရှိုး မြို့နယ် စီမံခန့်ခွဲမှုကော်မတီက လားရှိုးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၊ ကျန်းမာရေး ဌာန၊ ရပ်ကွက်ကျေးရွာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ပေါင်းစပ်ကာ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါတိုက်ပွဲရှောင်ပြည်သူများအား ယနေ့နံနက် (၉)နာရီအချိန် က လားရှိုးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် အဖွဲ့က အိမ်ထောင်စု ၉၀ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးပါ ပုံး ၉၀ နှင့် လူဦးရေ ၂၁၈ ဦးအတွက် ဆန် ၇ ရက်စာ စုစုပေါင်းတန်ဖိုး (ကျပ်၄၅၇၈၀၀)အား ပေးအပ်ထောက်ပံ့ခဲ့ရာ မန်ဆူရှမ်းကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ က တိုက်ပွဲရှောင်ပြည်သူများ ကိုယ်စား လက်ခံရယူပေးသည်။
ထို့အတူ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၉၀)စုတို့အတွက် ခြင်ထောင်(၉၀)ခု၊ ဆန်(၈)အိပ် တစ်ကိုယ်ရေသုံးပစ္စည်း (၉၀)ဖာတို့အား လားရှိုးခရိုင် ကြက်ခြေနီအဖွဲ့မှပေးအပ်ခဲ့ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)