လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ (Covid-19) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

လေးမျက်နှာ မတ် ၁၆

အသက်ရှုလမ်းကြောင်းဆိုင်ရာ (Covid-19) အဆုတ်ရောင်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများနှင့် အဆိုပါရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာ ဗိုင်းရပ်(စ်) (Covid-19) အဆုတ်ရောင်ရောဂါ ကူးစက်ခြင်း မခံရစေရန် လူတိုင်းကြိုတင် ကာကွယ်နိုင်ရန်အတွက် ရောဂါပိုးကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများဖြစ်သည့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ဝင်ရောက်ကူးစက်ပြန့်နှံ့ခြင်းနှင့် အရာဝတ္ထုများ၌ ထိကပ်နေသော ဗိုင်းရပ်(စ်)ပိုးများအား လက်ဖြင့်ကိုင်တွယ်ထိတွေ့ရာမှ တစ်ဆင့် ကူးစက်နိုင်ခြင်း၊ ရောဂါပိုးရှိသူများ ချောင်းဆိုး၊ နှာချေရာမှ ထွက်လာသော အရည်၊ အမှုန်အမွှားများတွင် ရော ဂါပိုးများ ပါဝင်လာပြီး အနီးအနားရှိ လူများကို ပြန့်နှံ့ကူးစက်နိုင်ခြင်းနှင့် ရောဂါပိုးကူးစက်မခံရအောင် လူထူထပ်သော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ ခရီးသွားလာခြင်းတို့ကိုလည်း ရှောင်ကြဉ်ကြရန်၊ မလွှဲမရှောင်သာ ခရီးသွားလာရမည်ဆိုပါက နှာခေါင်းစည်းများ၊ တစ်ခါသုံးတစ်ရှူးများကို အသုံးပြုကြရန်၊ အသုံးပြုပြီးသော တစ်ရှူးစများကို အိတ်ထဲတွင်  လုံခြုံစွာထုပ်ပိုး၍ အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ရန်၊ နှာချေ၊ ချောင်းဆိုးပြီးပါက လက်ကိုစနစ်တကျ ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြရန်၊ အဆိုပါ ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပေးချက်များကို လိုက်နာကျင့်သုံးကြရန်နှင့် မိမိတို့အနေဖြင့် ပတ်ဝန်းကျင်၌ သံသယလူနာများနှင့် ပြည်ပမှ ပြန်လာသူ များရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အသိပေးအကြောင်း ကြားကြရန်တို့ကို လိုက်လံ နှိုးဆော်၍ ကျန်းမာရေးဝန်ထမ်းများမှ ‌ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များအား မိဘပြည်သူများ လက်ဝယ် အရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)