ကာလိ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ခရီးသွားယာဉ်လိုင်းကားများမှ နေရပ်ပြန် ပြည်သူများ ပါ/မပါ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း မရှိပါက ယခုဝယ် ယခုတပ်ဆင်စေခြင်း ဆောင်ရွက်မှုကို ယနေ့နံနက် (၈)နာရီအချိန် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့မှ မြို့မဈေးရှေ့၊ ပြည်ထောင်စုလမ်းမကြီးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကာလိမြို့အတွင်း ဖြတ်သန်းသွားလာနေကြသည့် ယာဉ်လိုင်းကားများမှ နေရပ်ပြန်ပြည်သူများ ပါ/မပါ စစ်ဆေးကာ၊ ယာဉ်လိုင်းကားမှ လိုက်ပါလာသော ပြည်သူများအား နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်းမရှိပါက ဝယ်ယူတပ်ဆင်စေပြီးမှ ဝင်/ထွက်သွားလာစေကြောင်းနှင့် ကာလိမြို့ အတွင်း ဝင်/ထွက်သွားလာနေကြသော ဒေသခံပြည်သူများတွင်လည်း အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ မလိုအပ်ပါက အပြင်မထွက်ကြရန်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်းမရှိပါက ယခုဝယ်ယခုတပ်ဆင်စေခြင်းတို့ကို ကာလိမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ ကာလိနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ဆန်းလွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်ဇော်ဦးနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကာလိမြို့ဒေသဆိုင်ရာ အဖွဲ့အစည်းများ နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)