တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

တာမိုးညဲ       စက်တင်ဘာ   ၂

မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး စနစ်တစ်ကျလိုက်နာဆောင်ရွက်နိုင်ရန်အတွက် တာမိုးညဲမြို့၊ လူစည်ကားရာ နေရာအနှံ့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ပိုစတာများကို ယနေ့နံနက် (၈)နာရီ အချိန် က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဖြူစင်မေတ္တာ နာရေးကူညီမှုအသင်းတို့ ဝိုင်းဝန်းပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက် ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများအနေဖြင့် ပိုမိုသတိပြု ကာကွယ်ကြရန်နှင့် မလိုအပ်ဘဲ အပြင်ဘက်သို့ သွားလာလှုပ်ရှားမှုမပြုကြရန်၊ မဖြစ်မနေအပြင်သို့ သွားလာမည်ဆိုပါက နှာခေါင်းစည်းများမဖြစ်မနေ တပ်ဆင်ပြီးသွားလာကြရန်၊ ရောဂါနှင့် ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်များနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူများသိရှိနားလည်ပြီး စနစ်တစ်ကျလိုက်နာမည့် အကြောင်းအရာပါပိုစတာများကို တာမိုးညဲမြို့၊ လူစည်ကားရာနေရာများ၌ ကပ်ထားသည်။

မြန်မာနိုင်ငံပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားနှုန်းသိသိသာသာ ပိုမိုမြှင့်တက်လာသော ကြောင့် တာမိုးညဲမြို့၌ ရောဂါကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ပရဟိတအသင်း အဖွဲ့များနှင့် ရပ်မိ/ရပ်ဖတို့က အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဌေးဌေးကြည်(ပြန်/ဆက်)