မိုင်းယန်း စက်တင်ဘာ ၂
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုင်းယန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါကာလ ကူးစက်ရောဂါကာကွယ်ရေး ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆမ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှ ဒေါက်တာဖြိုးထွဋ်ဘိုဘိုထွန်းနှင့် မြို့နယ် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဒေါက်တာဖြိုးထွဋ်ဘိုဘိုထွန်း က အမျိုးသမီးများတွင် အဖြစ်အများဆုံးရောဂါ ဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) Human Papilloma Virous အကြောင်းကို အကျယ်တဝင့် ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။ မိုင်းယန်းမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် (HPV) ကာကွယ်ဆေးစတင်ထည့်သွင်းထိုးနှံခြင်း အစီအစဉ်ကို စက်တင်ဘာလ ၂၀ရက်နေ့တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ အမျိုးသမီးငယ်များကို ပထမအကြိမ်အဖြစ် အခမဲ့ထိုးနှံပေးခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ပထမအကြိမ်ဆေးထိုးပြီးသည့် အမျိုးသမီးငယ် များသည် နောက် ၁၂ လ(၁နှစ်) အကြာတွင် ဒုတိယအကြိမ် (HPV) ကာကွယ်ဆေးကို ဆက်လက်ထိုးနှံရမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှ သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)