တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ပြီးစီးမှု(၇၅.၂၆)ရာခိုင်နှုန်းရှိ

တံတားဦး  ဧပြီ  ၁၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အသက်(၆၅)နှစ်မှ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ဦးစားပေးအုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို သတ်မှတ်ဆေးထိုးစုရပ်များ အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

တံတားဦးမြို့နယ်အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန် (၁၁၃၁၀၈)ဦး လျာထားပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၁၀၈၂၉၀)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ(၅၉၄၄၃)ဦး ဖြစ်ကြောင်း  တံတားဦးမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ(၁၀၈၂၉၂)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ(၅၉၄၄၃)ဦး ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့်(၁၀၀)ရာခိုင်နှုန်းရှိပါကြောင်း၊ထို့အပြင် အသက်(၁၂)နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား၊ ကျောင်းသူ  ပထမအကြိမ်ထိုးနှံပြီးသူ(၃၆၂၆)ဦးနှင့် ဒုတိယအကြိမ် (၃၅၇၄)ဦးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၇၅.၂၆)ရာခိုင်နှုန်း ထိုးနံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးထံမှသိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းကို  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ရှင် လူမှုရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေးထိုးစုရပ်များ၌ သတ်မှတ်ဦးစားပေး အုပ်စုများနှင့်အညီ နေ့စဉ် နံနက်(၉)နာရီမှ နေ့လည်(၂)နာရီအချိန်ထိ  ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

ရဲတင့်