မလှိုင် ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သမိုင်းဝင် ပန်းအိုင် ရွှေမုဋ္ဌော ဆုတောင်းပြည့် ဘုရားကြီး၏ ဘဏ္ဍာတော်ထိမ်း ဂေါပကမှ ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို မြန်မာနှစ်ဆန်းတစ်ရက် ယမန်နေ့ ညနေ ၃ နာရီ ခွဲ အချိန်က ဘုရားကြီး၏ အနောက်ဖက် အာရုံခံတန်ဆောင်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပန်းအိုင် မင်္ဂလာရာမ ကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တနန္ဒိယထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြ သည်။ ယင်းနောက် ဆရာတော်ထံမှပင် ဆွမ်းဆန်တော် ရေစက်ချတရားကို နာယူကာ လှူဒါန်းမှု အစုစုတွက် အမျှအတန်း များပေးဝေခဲ့ကြပြီး ဆရာတော်များအားဆွမ်းဆန်တော်နှင့် အခြားလှူဖွယ် ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အဆိုပါနေ့က ပန်းအိုင်ကျေးရွာ ဂေါစဂါမ်ရှိ ကျောင်းတိုက်ပေါင်း (သီလရှင်ကျောင်း) အပါဝင် (၄၅) ကျောင်းမှ ပင့်သံဃာ(၁ဝ၁) ပါး တို့အား ဆွမ်းဆန်တော်တင်း (၂ဝဝ) ကျော်နှင့်အခြား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူနိုင်ခဲ့ပြီး ဘုရားကြီးအတွက် နဝကမ္မ အလှူငွေ (၁၂၃၅ဝဝဝ) ကျပ် ရရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)