ပျဉ်းမနား စက်တင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း လုပ်ငန်းဆောင်ရွက်မှုများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်၊ မြို့နယ်နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကျော်မိုးအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပျဉ်းမနားဟောင်းအုပ်စု၊ ကြို့ပင်အလယ်ကျေးရွာ ကျေးရွာလူထုခန်းမ တည်ဆောက်နေမှုအား ကျေးရွာတာဝန်ကျ လက်ထောက်နည်းပညာမှူးနှင့် လူထုစည်းရုံးရေးမှူး တို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ ကျေးရွာလူထုဗဟိုပြု လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး၊ မြို့နယ်ဦးစီးမှူး က စီမံကိန်းတွင် သတ်မှတ်ထားသည့် ဝယ်ယူရေးလုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် ဆွေးနွေး ပြောကြားသည်။
ပျဉ်းမနားမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မီးလင်းရေးလုပ်ငန်းငါးခု၊ တံတားငယ်သုံးစင်း၊ ရေရရှိရေးလုပ်ငန်း (၁၃)ခု စာသင်ကျောင်းမြေနေရာညှိခြင်းလုပ်ငန်း ခြောက်ခု၊ ကျောင်းခြံစည်းရိုးဆောက်လုပ်ခြင်း သုံးခု၊ ကျေးရွာလူထုခန်းမ (၂၁)လုံး၊ ကျေးရွာတွင်းလမ်း (၇၀)နှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း (၂၅)ခု၊ စုစုပေါင်းလုပ်ငန်းခွဲ (၁၄၆)ခုအနက် လုပ်ငန်းခွဲ(၁၄၅)ခုမှာ (၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
စိုးမိုး(ပြန်/ဆက်)