မြောင်းမြမြို့နယ်အတွင်းရှိစားသောက်ဆိုင်များအားကြည့်ရှုစစ်ဆေး

မြောင်းမြ  စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ခရိုင်အဆင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့(၃)ဖွဲ့ ဖွဲ့စည်း၍ မြို့နယ်အတွင်းဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနနှင့် ပညာရေးကောလိပ် ကျောင်းအုပ် ကြီးတို့က စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် စားပွဲဝိုင်းများကြားတွင်(Partition) အကာအရံများထားရှိရေး၊ အစားအသောက်များ သန့်ရှင်းစင်ကြယ်စွာ ချက်ပြုတ်ရေး၊ လက်ဆေးဘေစင်များနှင့် Handgel များထားရှိပေးရေး၊ ရောင်းချသူများအနေဖြင့် Mask များ Face Shief တပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေး၊ အိုးခွက်အသုံးအဆောင်များနှင့် စားဖိုဆောင်များတွင် သန့်ရှင်းသပ်ရပ်မှုတို့ကို စစ်ဆေးခြင်း၊ စားပွဲဝိုင်း (၁)ခုတွင် လူ(၄)ဦးထက်မပိုဘဲ ဆိုင်ထိုင်ကြရန်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရန်နှင့် စည်းကမ်း မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ အဖွဲ့သည် အကောင်းစား စားသောက်ဆိုင်၊ ရွှေအိမ် လက်ဖက်ရည်ဆိုင်၊ ပန်းခင်းကမ္ဘာ စားသောက်ဆိုင်၊ NINE STAR လက်ဖက်ရည်ဆိုင်၊ JUNCTION POINT စားသောက်ဆိုင် များသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေါ်သက်ဝေနှင်း(ပြန်/ဆက်)