ဒေးဒရဲမြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်

ဒေးဒရဲ  စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိတိုင်း ဆန္ဒမဲပေးရာတွင် ကျန်ရှိမှုမရှိစေရေး၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို သြဂုတ်(၂၀) ရက်နေ့ နံနက် ၈ နာရီတွင်  စတင ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ‌ကျေးရွာကော်မရှင် အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများမှ Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရေး၊ အချက်အလက်များ မှန်ကန်မှုရှိစေရေး တို့အတွက် အိမ်ထောင်စုများ အလိုက် နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်းများဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ အိမ်တိုင်ရာရောက် ကွင်းဆင်း‌သွားရောက်၍ အဖွဲ့များခွဲကာ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ်တွင်  ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၀)အုပ်စုတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၄၀၀၀၀)ကျော်ရှိပြီး မဲရုံ(၁၈၀)ရုံ လျာထား၍ ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)