မိုင်းယောင်း စက်တင်ဘာ ၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ ယနေ့တွင် ဝေသန္တရာဇာတ်တော်ခင်းပွဲ (တန်းဋ္ဌာန်း)ကို လူအနည်းငယ်ဖြင့် ပြုလုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သေဆုံးသူအား ရည်စူး၍ နောင်ဘဝတွင် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် နေအိမ်ငယ်ကလေးများ ပြုလုပ်ကာ အဝတ်အစားများ၊ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ ထည့်သွင်းလှူဒါန်းပြီး ဝေဿန္တရာဇာတ်တော်ခင်းပွဲခေါ် “တန်းဋ္ဌာန်း” ကို ရပ်ကွက်/ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများတွင် လူအနည်းငယ်ဖြင့် ကျင်းပပြီး အချို့ပြည်သူများ က မိမိတို့၏ အိမ်အတွင်း၌သာ ကုသိုလ်ကောင်းမှုများ ပြုလုပ်လှူဒါန်းကြကြောင်း သိရသည်။
ဝေဿန္တရာဇာတ်တော်မှာ ဂေါတမမြတ်စွာဘုရား၏ ထင်ရှားသော ဇာတ်ကြီးဆယ်ဘွဲ့တွင် နောက်ဆုံးဇာတ်တော်ဖြစ်ပြီး အလှူအတမ်းရက်ရောသော ဝေသန္တရာမင်းကြီး၊ သူ၏ဇနီး ပါရမီဖြည့်ဖက် မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့ အကြောင်းကို ရေးဖွဲ့ထားသော ဇာတ်တော်ကြီးဖြစ်သည်။
စိုင်းအောင်ဇော်လင်း