နမ့်ခမ်း စက်တင်ဘာ ၂
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် (IDPs) တိုက်ပွဲရှောင်စခန်းရှိ အသက် (၆၀)နှစ်မှ (၈၀)နှစ်အထိ ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန် က နမ့်ခမ်းမြို့ရှိ (IDPs) တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပေးအပ်သည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးယိုင်သန်းအောင် တို့က ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် နမ့်ခမ်းမြို့နယ်ရှိ IDPs တိုက်ပွဲရှောင်စခန်း (၆)ခုသို့ သွားရောက်ပြီး (IDPs) စခန်းရှိ အသက်(၆၀)နှစ်မှ (၈၀)နှစ်အထိ ဘိုးဘွား(၁၄၂)ဦးအား တစ်ဦးလျှင် ကျပ်(၃)သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း(၄၀)ကျော်ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက (IDPs) တိုက်ပွဲရှောင်စခန်းတာဝန်ရှိသူများကို တွေ့ဆုံပြီး စခန်းတွင် နေထိုင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်သည့် နှာခေါင်းစည်းတပ်ဆင်နိုင်ရေး၊ (Hand Gel) ဖြင့် လက်များကို ဆေးကြောနိုင်ရေး၊ အပြင်သွားလာပါက ကိုယ်အပူချိန်တိုင်းတာရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေနိုင်ရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ရောဂါကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များအတိုင်း တိကျလိုက်နာဆောင်ရွက်သွားရန် မှာကြား ခဲ့ကြောင်း သိရသည်။
ဘဦး(ပြန်/ဆက်)