နောင်ချို စက်တင်ဘာလ ၂
ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း Mask တပ်ရန် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်း က နောင်ချို မြို့မဈေးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့မဈေးကော်မတီ၏ ဦးဆောင်မှုဖြင့် စည်ပင်သာယာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နောင်ချိုမြို့မဈေးအတွင်း ရောင်းချနေသော ဈေးသည်များနှင့် ဈေးဝယ်များအား အပြင် ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ Mask တပ်ဆင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် Mask တပ်ဆင်ခြင်းမရှိသော ဈေးသည်၊ ဈေးဝယ်များအား ခုဝယ်ခုတပ်စနစ်ဖြင့် တပ်ဆင် စေခဲ့ပြီး ယခုကဲ့သို့ ပညာပေးလုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ပြန်/ဆက်)