ကျောင်းကုန်းမြို့၌ ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် နှာခေါင်းစည်းမတပ်ဆင်သူများအား နေ့စဉ်စစ်ဆေးခြင်းဆောင်ရွက်

ကျောင်းကုန်း  စက်တင်ဘာ  ၂

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် နှာခေါင်းစည်း မတပ်ဆင်မှုများ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၂)ရပ်ကွက်၊ မိုးလုံလေလုံအားကစားခန်းမ ရှေ့၌ ပြုလုပ်ခဲ့သည်။

ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့မစခန်းမှူး ဒုရဲမှူး မောင်မောင်သန်း၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ ထွေ/အုပ်ဒုတိယဦးစီးမှူး ဦးရဲနောင်လင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြဖို့၊ ဆိုင်ကယ်၏ ရှေ့အနိမ့်မီး ဖွင့်မောင်း ကြဖို့၊ သုံးဦးမစီးကြဖို့ အသိပညာပေးခြင်း၊ အပြင်ထွက်လျှင် နှာခေါင်းစည်း မတပ်ဆင်သူများအား (၃)ခုလျှင် သုံးထောင်ကျပ်နှုန်းဖြင့် ယခုဝယ် ယခုတပ် အစီအစဉ်ဖြင့် နေ့စဉ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)