တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၂)မှ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမား (၁၄၃)ဦး ဆက်လက်ဝင်ရောက်

တာချီလိတ်   စက်တင်ဘာ   ၂

တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှ နေရပ်ပြန်ရွှေ့ပြောင်း မြန်မာ အလုပ်သမား ကလေး/လူကြီး အမျိုးသား (၅၃) ဦး၊ အမျိုးသမီး(၉၀) ဦး စုစုပေါင်း (၁၄၃) ဦးသည် ယနေ့နေ့လည်အချိန်က ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် တာဝန်ရှိသူများက စနစ်တကျ ပြန်လည်လက်ခံခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းကို ပြုလုပ်ခဲ့ကြသည်။ ဝင်ရောက်လာကြသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်စာရင်းကောက်ယူမှုများ ပြုလုပ်ခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တာချီလိတ်တပ်ဖွဲ့စိတ်မှ လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ခရိုင်/မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ  ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း  နယ်စပ်ဝင်ပေါက် ဂိတ် ၃ ခုရှိရာ၌ မြန်မာ-ထိုင်း၊ မြန်မာ-လာအို၊ မြန်မာ-အထူးဒေသ(၄)တို့ ဖြစ်ကြပြီး ဩဂုတ်လကုန်ထိပြန်လည် ဝင်ရောက်လာကြသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ပြစ်ဒဏ်စေ့၍ လွှဲပြောင်းပေးလာသော ပြစ်ဒဏ်စေ့ စုစုပေါင်း (၅၄၀၀)ဦးရှိရာ ယနေ့ပြန်ဝင်လာကြသော နေရပ်ပြန်နှင့်ဆိုပါက စုစုပေါင်း(၅၅၄၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူလူထုကြားတွင်ပေါ်ထွက်လျက်ရှိသော သတင်းများနှင့်ပတ်သပ်၍ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ ပြောကြားရာတွင် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ပိတ်မည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ ကုန်ဈေးနှုန်းများမြင့်တက်လာတော့မည်ဆိုခြင်းမှာလည်း မဟုတ် ကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ကိုဗစ်-၁၉ ကူးစက်မှုတိုးလာသည်မှာလည်း မဟုတ် ကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ ပုံမှန်ဆက်ဆံလျက်ရှိပြီး ကုန်စည်စီးဆင်းမှုမှာလည်း ပုံမှန်စီးဆင်းလည်ပတ်လျက်ရှိကာ ကုန်ဈေးနှုန်းများလည်း ပုံမှန်အတိုင်းရှိကြောင်း၊ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှု မဖြစ်ကြရန်နှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော စည်းကမ်းချက်များကို သေချာလိုက်နာရန် လိုအပ်ကြောင်း အပြင်ထွက်တိုင်း Mask များ တပ်ဆင်ကြပါရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ယာဆေး(ပြန်/ဆက်)