ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် Mask မတပ်ဆင်သူ (၂၁)ဦးကို ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်

ကျုံ​ပျော်  စက်တင်ဘာ ၂

ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် Mask မတပ်ဆင်သူများကို ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂ ရက်က Mask  မတပ်ဆင်သူ (၂၁) ဦးတွေ့ရှိခဲ့ပြီး၊ ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​ထိုသို့‌ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အထောင်ဈေးရှေ့နှင့် အထောင်မြို့ လမ်းမကြီးတို့တွင် သွားလာလျက် ရှိသူများအား Mask တပ်ဆင်သွားလာမှု ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး  Mask မပါရှိသူ (၂၁)ဦးအား Mask (၃)ခုလျှင် ငွေ(၃၀၀၀)ကျပ်နှုန်း ကောက်ခံကာ ယခုဝယ် ယခုတပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ မပြုလုပ်မီ ယခင် သြဂုတ်(၂၇)ရက်မှ (၂၉)ရက်နေ့အထိကို ပညာပေးကာလ သတ်မှတ်ကာ  နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာပါက Mask စနစ်တကျ တပ်ဆင်သွားလာ‌ရေးအတွက် အသိပေးလှုံ့ဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ဩဂုတ် ၃၀ မှ ယနေ့အထိ အထောင်တွင် Mask မတပ်ဆင်သူ (၄၅)ဦးတို့အား ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

​နေဝင်းမြင့် (ပြန်/ဆက်)