ဒလမြို့နယ်ရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ် ၁၁ ဆိပ် တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် စက်တင်ဘာလ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ စက်တပ်သမ္ဗန် ကူးတို့ဆိပ် ၁၁ ဆိပ်တွင် ရန်ကုန်မြစ်တွင်း ခရီးသည် ပို့ဆောင်ပေးနေသော စက်တပ်သမ္ဗန်များနှင့် ကူးတို့ဆိပ်တို့၌ လတ်တလောဖြစ်ပွားနေသော အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီခွဲ က စတင်ပြီး  မြို့နယ် စက်တပ်ရေယာဉ် ကြီးကြပ်ရေးအဖွဲ့ မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်ပြီး မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ငြိမ်း က  ဒလမြို့နယ် အတွင်းမှာရှိတဲ့ မြစ်တွင်းသွား စက်တပ်သမ္ဗန်များနဲ့ ခရီးသွားလုပ်သားပြည်သူများ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ကူးတို့ဆိပ် (၁၁)ဆိပ်မှာရှိတဲ့ ရေယာဉ် ဥက္ကဋ္ဌများနဲ့အတူ အမြဲတစေ လိုက်လံ ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိပါတယ်၊  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက် ပေးပါတယ်၊ နှာခေါင်းစည်းများကိုလည်း တတ်နိုင်သမျှ ပေးဝေခဲ့ပါတယ်၊ ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ များလာတာဖြစ်တဲ့အတွက်  ခရီးသည်များ အနေဖြင့် ရန်ကုန်မြို့တွင်း ကူးသန်းသွားလာပါက နှာခေါင်း စည်းများ မဖြစ်မနေ  တပ်ဆင်သွားလာကြဖို့အတွက်  ကူးတို့ဆိပ်များမှာ Hand Speaker နဲ့ သတိပေး နှိုးဆော်လျက်ရှိပါတယ် ဟု ပြောကြားခဲ့သည်။

ဒလမြို့နယ်အတွင်း စက်တပ်သမ္ဗန်ကူးတို့ဆိပ် ၁၁ ဆိပ်တွင် သမ္ဗန်အစီးပေါင်း ၅၀၀ ကျော်ရှိပြီး၊ အစိုးရ ဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်း များ၊ ဈေးသည်များ၊ အထွေထွေလုပ်သားပြည်သူများစွာတို့ကို ဒလဘက်ကမ်းမှ တစ်ဆင့် စီးပွားရေး မြို့တော် ရန်ကုန်မြို့သို့ နေ့စဉ် ကူးတို့ ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

နိုင်လင်းကျော်(ဒလ)