ပင်လုံ စက်တင်ဘာ ၂
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအတွက် ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးလှည့်လည် ဆော်ဩပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်း က လူစည်ကားသည့် ပင်လုံမြို့မဈေး၊ လမ်းမတော်လမ်းတစ်လျှောက်၊ ကန်တော်ကြီးလမ်းတစ်လျှောက်နှင့် ပင်လုံမြို့ရပ်ကွက်များအတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေးလှည့်လည်ဆော်ဩခြင်းကို လွိုင်လင်မြို့နယ် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့နှင့် ပင်လုံမြို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့တို့က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစီးမဖြစ်မနေတပ်ပြီးမှထွက်ရန်၊ လူစုလူဝေးနေရာများရှောင်ရှားရန်၊ လက်ကို မကြာခဏဆေးကြောရန်နှင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ သတိပေးအချက်အလက်များကို အသိပညာပေးလှည့်လည်ဆော်ဩခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ (ပင်လုံ၊ ပြန်/ဆက်)